ကစားကွက်သစ်ကြောင့် အရန်ခုံတွင် ထိုင်နေရပြီးနောက် ဗန်ဒီဘိခ်ကဲ့သို့ နေရာပျောက်လာတော့မယ့် ဆန်ချို

ဂယ်ရီနဗီးလ်ကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကကစားကွက်အသုံးပြုလာမှုနဲ့အတူဂျာဒွန်ဆန်ချိုမှာဒွန်နီဗန်ဒီဘိခ်ကဲ့သို့ပင်အဆုံးသတ်ရမယ့်ကိန်းဆိုက်နေကြောင်းသတိပေးပြောကြားလာပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဒေါ့မွန်မှပေါင်သန်း၇၃သန်းဖြင့်ရောက်လာတဲ့ဆန်ချိုဟာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်လည်းကောင်း၊မနေ့ညတုန်းကစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းကောင်းအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။

ဒါကြောင့်လည်းဂယ်ရီနဗီးလ်ကဆန်ချိုမှာဗန်ဒီဘိခ်ကဲ့သို့ပင်အရန်ခုံတွင်ပင်အဆုံးသတ်ရမယ့်ကိန်းဆိုက်နေကြောင်းဆိုလာပါတယ်။

ဂယ်ရီနဗီးလ်က “ခင်ဗျားတို့လည်းသိပါတယ်။ဗန်ဒီဘိခ်ကိုတွေးကြည့်လိုက်ပါ။မန်ချက်စတာမှာဘောလုံးတစ်လုံးတောင်မကန်ရဘဲထိုင်နေတဲ့ ကလေးကိုမန်ချက်စတာသို့ခေါ်ဆောင်လာခဲ့တာဘယ်သူလဲ။ဆန်ချိုလည်းဒီအတိုင်းပဲ။တကယ်လို့သူလည်းဂရုမစိုက်ဘူးဆိုရင်ဒီလိုပဲအဆုံးသတ်ရဖို့သေချာတယ်။သူဟာတော်တော်ကောင်းတဲ့ခြေစွမ်းတစ်ချို့နဲ့ကစားနိုင်ခဲ့တယ်။သူဟာဘောလုံးကစားဟန်လုံးဝမတူတဲ့ကလပ်သို့ရောက်လာခဲ့တယ်။သူဟာဒေါ့မွန်တုန်းကတော်တော်လေးကောင်းခဲ့တာပါ။သူရောက်လာတယ်။ ‘ဒီမှာငါဘာလုပ်ဖို့ရောက်နေတာလဲ။ဘာလဲ။စုဖွဲ့မှုမရှိဘူး။ဖွဲ့စည်းပုံမရှိဘူး’လို့တွေးနေလိမ့်မယ်။မန်ယူရဲ့ခံစစ်ပြေးလွှားမှုမှတ်တမ်းကိုကြည့်ရင် ခံစစ်ကိုကူတဲ့ကစားသမားဆိုတာမြင်ရပါမယ်။အရန်ခုံမှာထိုင်ရင်း ‘ငါဘာလုပ်နေတာလဲ။ဒီစနစ်မှာကစားကောကစားရပါဦးမလား’လို့တွေးနေလိမ့်မယ်။ကျုပ်ကတော့သူ့ကိုကွင်းလယ်နှစ်ဦးနေရာမှာရောရှေ့တန်းနှစ်ယောက်နေရာမှာရောမြင်ရမယ်လို့ကိုမထင်ဘူး။ဒီတော့သူဟာသူ့မန်ချက်စတာကစားသမားဘဝကိုတွေးနေပါလိမ့်မယ်။ဗန်ဒီဘိခ်လည်းဒီအတိုင်းပဲတွေးမှာပါ”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားဟာစပါးစ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၃-၅-၂ကစားကွက်ကိုအသုံးပြုသွားခဲ့ပြီးရှေ့တန်းတွင်ရော်နယ်ဒိုနှင့်ကာဗာနီတို့ကိုအသုံးပြုသွားခဲ့ကာစပါးစ်ကိုလွှမ်းမိုးကစားသွားနိုင်ခဲ့ပါတယ်။